Saturday, October 13, 2012

ဗောဓိသုခပရဟိတကျောင်းတိုက်ခွဲ ဗုဒ္ဓဂယာ၌ စတင်ဆောက်လုပ်နေပြီ

ဗုဒ္ဓဂယာရှိ မဟာဗောဓိ စေတီတော်ကြီး

 အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ ဗောဓိသုခပရဟိတကျောင်းဆရာတော် ဒေါက်တာ နန္ဒောဘာသသည်  မဇ္ဈိမဒေသ မြတ်စွာဘုရားပွင့်တော်မူရာ ဗုဒ္ဓဂယာ၌ ကျောင်းတိုက်ခွဲတစ်ခုကို ယခုလမှစတင်၍ ဆောက်လုပ်နေပြီးဖြစ်ကြောင်း သိရှိရသည်။ တစ်ဧက နီးပါးရှိသောမြေကွက်ကို ၆.၉.၂၀၁၂ နေ့က မြေစာရင်းဋ္ဌာနတွင် စာရင်းချုပ်ဆို၍ ကျောင်းမြေကွက်၏ တန်းဖိုးထက်ဝက်ကို ပေးချေထားပြီး၊ ကျန်ထက်ဝက်ကို နောက် လာမည့်နှစ်တွင်ပေးချေရမည်ဖြစ်ကြောင်း
ယင်းဗောဓိသုခဆရာတော် ဒေါက်တာနန္ဒောဘာသက ပြောကြားသည်။ ယင်းမြေကွက်ကို မြန်မာနိုင်ငံမှ တကာ၊ တကာမများနှင့် အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်၊ မလေးရှား၊ ယိုဒယား၊ စင်္ကာပူ၊ အမေရိက စသောနိုင်ငံများမှ အလှူရှင်များက စုပေါင်းပါဝင် လှူဒါန်းထားသော န၀ကမ္မ အလှူငွေများဖြင့်မတည်ကာ ယခုနှစ်ဘုရားဖူးရာသီတွင် ဘုရားဖူး ဧည့်သည်များစတင်တည်းခိုနိုင်အောင် ယာယီ ကျောင်းဆောင်များကို စတင်ဆောက်လုပ်နေပြီဖြစ်သည်။  အဆိုပါ ဗုဒ္ဓဂယာမြေမြတ်မဟာ၌ ဆောက်လုပ်မည့် ကျောင်းတိုက်ကြီးကို "မဟာဗောဓိ ပရဟိတကျောင်းတိုက်" ဟူ၍ ခေါ်တွင်မည် ဖြစ်ကြောင်း ဆရာတော်မှ ပြောကြားသည်။
ကြုံတောင့်ကြုံခဲ ဗုဒ္ဓဂယာမြေမဟာ၌ ဗောဓိသုခကျောင်းအတွက် ပါဝင်လှူဒါန်းထားသော တကာ၊ တကာမများအနေဖြင့် မိမိတို့ကုသိုလ်ကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပြီး၊ ဆက်လက်၍ ဆရာတော် ဒေါက်တာဦးနန္ဒောဘာသ၏ သာသနာပြုလုပ်ငန်းတွင် ပါဝင်လှူဒါန်းလိုသော အလှူရှင်များအနေဖြင့်လည်း ဆရာတော်ဖွင့်လှစ်ထားသော အလှူခံဌာသို့လည်းကောင်း၊ သို့မဟုတ် ဆရာတော်ထံသို့ တိုက်ရိုက်ဆက်သွယ်၍သော်လည်းကောင်း မိမိတို့ သဒ္ဓါအားရှိသလောက် ပါဝင်လှူဒါန်းနိုင်ပါကြောင်း ဆရာတော်မှ နှိုးဆော်တိုက်တွန်းထားကြောင်းသတင်းရရှိသည်။
          အောင်ပြည့်လင်း


No comments:

Post a Comment